ဂေါတမဗုဒ္ဓသည် (၄၅) ၀ါပတ်လုံး ဝေနေယျတို့အား ဆုံးမချေချွတ်တော်မူခဲ့သည်။
လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့အား ဆုံးမတော်မူခဲ့သည်။ ဗုဒ္ဓဆုံးမသော တရားဓမ္မ
ဟူသည်မျှသည် သစ္စာလေးပါး တရားကို အခြေခံထားသည်။ ဗုဒ္ဓ၏ အဆုံးအမ
(ဗုဒ္ဓသာသနာ) ၏ လိုရင်းအချုပ်မှာလည်း ရှေးဘုရားရှင်တို့၏ အဆုံးအမ အတိုင်းသာ
ဖြစ်သည်။
သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင်သီတင်းသုံးနေတော်မူစဉ်
တနေ့တွင် အရှင်အာနန္ဒာသည် ဘုရားရှင်ထံ ချဉ်းကပ်လျက် “အရှင်ဘုရား
ဝိပဿီ စသော ရှေးဘုရားရှင်တို့သည် ဤဥပုသ်ကိုပင် ပြတော်မူကြသလော၊
အခြားသော ဥပုသ်ကိုပင် ပြတော်မူကြသလော” ဟု မေးလျှောက်သည်။
ဘုရားရှင်က ၀ိပဿီ စသော ဘုရားရှင်တို့သည် ဥပုသ်ပြရန် အချိန်ကာလ
ကွာခြားကြသော်လည်း သြ၀ါဒမှာ အတူတူသာ ဖြစ်သည်ဟု မိန့်တော်မူပါသည်။
ထိုမိန့်တော်မူချက်တွင်.....
သဗ္ဗပါပ္ပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။
သစိတ္တပရိယောဒါပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။
(ဓမ္မပဒ၊ ၁၈၃)
ဟူ၍ ဘုရားရှင်တို့၏ သာသနာကို အချုပ်မျှ ထုတ်ပြ ညွန်ကြားခဲ့သည်။
ထိုဗုဒ္ဓသာသနာ အချုပ်မှာ.........
“မကောင်းမှု့ ဟူသမျှကို မပြုလုပ်ခြင်း၊
ကောင်းမှု့ကုသိုလ်နှင့် ပြည့်စုံစေခြင်း၊
မိမိစိတ်ကို ဖြူစဉ်စေခြင်း၊
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်တည်း ဟူ၍ ဖြစ်သည်။
ဗုဒ္ဓအဆုံးအမ၊ ဗုဒ္ဓသာသနာ၏ လိုရင်းအချုပ်မှာ မကောင်းမူ့မှန်သမျှ မပြုလုပ်ဘဲ
ရှောင်ကြဉ်ခြင်း၊ ကုသိုလ်ကောင်းမှု့နှင့် ပြည့်စုံအောင် အားထုတ်ခြင်းနှင့် မိမိစိတ်ကို
ဖြူစင်အောင် ကြိုးစားပွါးများခြင်းပင် ဖြစ်သည်။
ဤတွင် ရှောင်ကြဉ်ရမည့် မကောင်းမှု့သည် မည်သို့သော သဘောရှိသနည်းဟု
ဆင်ခြင်သော် ပြုလုပ်နေစဉ်မှာလည်း စိုးရိမ်ပူပန်ရ၊ ပြုလုပ်ပြီးသော အခါ၌လည်း
စိုးရိမ်ရ၊ ပူပန်ရ၊ ပစ္စုပ္ပန် တမလွန်ဘ၀ နှစ်တန်လုံး၌ စိုးရိမ်ရ၊ ပူပန်ရသော အမှု့သည်
မကောင်းမှု့ဖြစ်သည်ဟု နားလည်ရပေမည်။
(ဓမ္မပဒ ၁၅၊ ၁၇)
မကောင်းမှု့သည် တရားကိုယ်အားဖြင့် လောဘ၊ ဒေါသ၊ မောဟ တို့ကို အခြေခံသော
အကြံအစည်၊ အပြောအဆို၊ အပြုအမူတို့ပင် ဖြစ်သည်။
မကောင်းမှု့နှင့် ဆန့်ကျင်ဘက်သဘောမှာ ကောင်းမှု့ဖြစ်သည်။ ကောင်းမှု့သည်
မည်သို့သော သဘောရှိသနည်း။ ပြုလုပ်နေစဉ်မှာ နှစ်သက်ဝမ်းမြောက်ရသည်၊
ပြုလုပ်ပြီးသော အခါ၌လည်း နှစ်သက်ဝမ်းမြောက်ရသည်၊ ပစ္စုပ္ပန် တမလွန်ဘဝ
နှစ်တန်လုံး၌ နှစ်သက်ဝမ်းမြောက်ရသည်၊ ထို့အမှု့ကို ပြုလုပ်သူသည် မိမိ၏ စင်ကြယ်
သောအလုပ်ကိုပြုနေသည်ကို သိမြင်ရ၍ အလွန်ပင် နှစ်သက်ဝမ်းမြောက်ရသည်။
(ဓမ္မပဒ ၁၆၊ ၁၈)
ဤသည်ပင်လျှင် ကောင်းမှု့၏ သဘောဖြစ်သည်၊ ကောင်းမှု့၏ တရားကိုယ်မှာ
အလောဘ၊ အဒေါသ၊ အမောဟ တို့ကို အခြေခံသည်။ မိမိအတွက် မငဲ့ကွက်
မတတ်မက်သော စိတ်ဖြင့် တွေးကြံ ပြောဆိုပြုမူသည်။
အခြားသူတို့အပေါ် မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် တွေးကြံပြုမူပြောဆိုသည်။
မတွေမဝေ အသိဥာဏ်ဖြင့် ဆင်ခြင်လျက်ကျင့်ကြံ၊ ပြောဆို၊ ပြုမူသည်။
ဤသည်ပင်လျင် ကောင်းမူ့ဖြစ်သည်။
မိမိ၏ စိတ်ကို ဖြူစဉ်စေရန် လုပ်ရမည့် နည်းလမ်းမှာ စိတ်ကို လေ့ကျင့်ရန်ဖြစ်သည်။
ကောင်းသော အတွေးအကြံ၊ ကောင်းသော နှလုံးသွင်းမူ့ကို ပွါးများပေးရန် ဖြစ်သည်။
စိတ်သည် ကောင်းစွာလေ့ကျင့် ပွါးများအပ်သော် ချမ်းသာကို ဆောင်တတ်သည်။
(ဓမ္မပဒ ၃၆)
လောကီချမ်းသာ လောကုတ္တရာချမ်းသာ နှစ်တန်လုံးကို ပွါးများလေ့ကျင့်ထားသော
စိတ်ကဆောင်နိုင်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံး ပန်းတိုင်ဖြစ်သော နိဗ္ဗာန်ကို
စိတ်အလေ့ အကျင့်ဖြစ်သည်ရရှိ၊ ရောက်ရှိနိုင်သည်။
အပြောအဆို ဆင်ခြင်ရုံ၊ အပြုအမူစောင့်စည်းရုံဖြင့် မရနိုင် မရောက်နိုင်ချေ။
စိတ်ကိုလေ့ကျင့် ပွါးများရန်အတွက် ဘာဝနာပွါးကြရသည်။ သမထဘာဝနာ
ဝိပဿနာ ဘာဝနာတို့ကို လက်တွေ့ကျင့်သုံးကြရသည်။
ထေရ၀ါဒ နှင့် ပတ်သက်သော မှတ်ချက်များ
(နန္ဒာသိန်းဇံ)
အားလုံးပျော်ရွှင်ကြပါစေ

No comments:
Post a Comment