ဗုဒ္ဓဘာသာမြန်မာလူမျိုးများ မိမိတို့ ကိုးကွယ်နေကြတဲ့ ဘုန်းကြီး ကျောင်းပေါ်မှာဖြစ်စေ၊ဘုန်းကြီးကျောင်းဝန်းထဲမှာဖြစ်စေ။ဘုရားပေါ်သို့ဘုရားဖူးသွားခိုက် ကုသိုလ်ပြုသည့်အနေနှင့်ဘုရားရင်ပြင်ပေါ်တွင်ဖြစ်စေ ပုညကိရိယာ ဝတ္ထုဆယ်ပါးမှာပါတဲ့ဝေယျာဝေစ္စကုသိုလ်ဆိုတာကိုပြုလုပ်လေ့ရှိပါတယ်။ဘယ်လိုဝေယျာဝေစ္စလဲဆိုတော့ တံမြက်လှည်းခြင်းကုသိုလ်လေးပါ။အဲဒီဝေယျာဝေစ္စ ကုသိုလ်လေးက စာရိတ္တသီလလို့ခေါ်ပါတယ်။ပါဏာတိပါတစတဲ့သိက္ခာပုဒ်များကိုစောင့်စည်းတဲ့သီလကျတော့ ဝါရိတ္တသီလလို့ခေါ်ပါတယ်။ဝေယျာဝေစ္စ ကုသိုလ်ကဖြည့်ကျင့်ရတဲ့သီလဖြစ်လို့ စာရိတ္တသီလလို့ခေါ်ပြီး၊ပါဏာတိပါတ စတဲ့ သီလများကတော့ စောင့်စည်းရတဲ့သီလဖြစ်လို့ဝါရိတ္တသီလလို့ခေါ်တယ်ဆိုတာ မှတ်သားထားလိုက်ပါ။ တံမြက်လှည်းခြင်းအမှုကို ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ဘုရားရင်ပြင်ပေါ်တွင်ဖြစ်စေ၊ဘုန်းကြီးကျောင်းများမှာဖြစ်စေ ပြုလေ့ရှိတဲ့ကုသိုလ်လေးပါ။တစ်ချို့ကလဲ သူများနင်းထားတဲ့ေ နရာများကို တံမျက်လှည်းတာဟာ အောက်တန်းကျတယ်လို့ထင်ကြသလို၊တစ်ချို့ကလည်း သူတစ်ပါး နင်းထားတဲ့နေရာတွေကို တံမျက်လှည်းပြီးသုတ်သင်ရှင်းလင်းရတာ မြင့်မြတ်တယ်လို့ခံယူထားပါတယ်။အောက်တန်းကျတယ်လို့ထင်မှတ်နေတဲ့သူများကတော့ ဘယ်နေရာရောက် ထိုသို့သော ကုသိုလ်မျိုးကို ပြုလုပ်လေ့မရှိပါဘူး။မြင့်မြတ်တယ်လို့ ယူဆထားတဲ့သူများကတော့ ဘုရားရင်ပြင်ပေါ်ကိုရောက်သည်ဖြစ်စေ၊ဘုန်းကြီးကျောင်းကို ရောက်သည်ဖြစ်စေ ထိုသို့သော ဝေယျာဝေစ္စကုသိုလ်ကို လေးလေးနက်နက်ပြုလုပ်လေ့ရှိကြပါတယ်။
တကယ်တော့ သူတစ်ပါးနင်းထားတဲ့ နေရာတွေကို သန့်ရှင်းစေဖို့ တံမြက်လှည်းတဲ့ ကုသိုလ်ဟာ အောက်တန်းမကျပါဘူး။မြင့်မြတ်တာပါ။ထိုတံမြက်လှည်းတဲ့ကုသိုလ်ကြောင့် မြတ်စွာဘုရားလက်ထက်တော်က အရှင်အနုရုဒ္ဓါရဲ့ညီမဖြစ်သူဟာ နူနာပျောက်ကင်းသည်ထိ အကျိုးကျေးဇူးများခဲ့တာဟာ တံမြက်လှည်းခဲ့လို့ပါ။တံမြက်လှည်းခြင်းအကျိုးတရားတွေက ကျန်ပါသေးတယ်။အဲဒါဘာတွေလဲဆိုတော့
တံမြက်လှည်းအကျိုး ငါးပါး
ကိုယ့်စိတ်, သူ့စိတ်၊ ယိုဖိတ်ကြည်လင်၊
နတ်တို့လေးစား၊ လွန်ပွားချစ်ခင်၊
ကြည်ညိုဖွယ်ကောင်း၊ ဂုဏ်ပေါင်းမျက်ရှင်၊
နတ်ပြည်ရောက်၊ ထွန်းတောက် ကျိုးငါးအင်။
၁။ မိမိစိတ် ကြည်လင်ခြင်း၊
၂။ သူတစ်ပါးစိတ် ကြည်လင်ခြင်း၊
၃။ နတ်တို့ လေးစား ချစ်ခင်ခြင်း၊
၎။ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်စေခြင်း၊
၅။ နတ်ပြည်ရောက်ခြင်း။
(ပရိဝါ၊ ပါဠိ၊ ၂၃၁)
ဒါကတော့ သြကာသအကြောင်းလေးပါ။ဗုဒ္ဓဘာသာဝင်ဆိုပေမယ့် ဘိုးဘွား၊မိဘများကိုးကွယ်လို့ မိမိလည်း ဗုဒ္ဓဘာသာကို ကိုးကွယ်နေကြတဲ့ မိရိုးဖလာဗုဒ္ဓဘာသဝင်များကို သိစေချင်တာနဲ့တင်ပေးလိုက်တာပါ။
သြကာသ သြကာသ သြကာသ [ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော
အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ] (တနည်း - ကာယကံ၊ ၀စီကံ၊
မနောကံတည်းဟူသော သုံးပါးသော ကံတို့တွင် တစ်ပါးပါးသော ကံကို
ပြစ်မှားမိသည်ရှိသော် ပျောက်ပါစေခြင်း အကျိုးငှာ] ပထမ, ဒုတိယ, တတိယ
တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ
ရတနာမြတ်သုံးပါး တို့ကို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော်
ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏။ ကန်တော့ရသော အကျိုးအားကြောင့်
အပါယ်လေးပါး၊ ကပ်သုံးပါ၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊
ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း
ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား, ဖိုလ်တရား နိဗ္ဗာန်တရား တော်မြတ်ကို
လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။
သြကာသ
ရှိခိုးပါရစေ၊ ကန်တော့ပါရစေဟု အခွင့်တောင်းခြင်းကို သြကာသဟု ခေါ်သည်။
လေးနက် စေလိုသောကြောင့်လည်းကောင်း၊ ထင်ရှားပျံ့နှံ့စေလိုသောကြောင့်
လည်းကောင်း၊ သြကာသ ကို သုံးကြိမ် ဆိုရပါသည်။
ကံသုံးပါး
ကိုယ်ဖြင့်ပြုသောအမှုကို ကာယကံ၊
နှုတ်ဖြင့်ပြောသောအမှုကို ၀စီကံ၊
စိတ်ဖြင့်ကြံသော အမှုကို မနောကံဟု ခေါ်သည်။
ရတနာ
နှစ်သက်မြတ်နိုးအပ်သောကြောင့် ရတနာဟု ခေါ်ပါသည်။
ဘုရား
တရားဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရားဟု ခေါ်ပါသည်။
တရား
အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲသို့ မကျရောက်အောင် ဆွဲဆောင်တတ်သောကြောင့်
တရားဟု ခေါ်ပါသည်။
သံဃာ
အယူသီလ တူမျှခြင်းဖြင့် ပေါင်းစုဖွဲ့စည်းထားသောကြောင့် သံဃာဟု ခေါ်ပါသည်။
အရိုအသေ
ကိုယ်, နှုတ်, စိတ်သုံးပါးတို့ဖြင့် ညွတ်တွားကိုင်းရှိုင်းခြင်း။
အလေးအမြတ်
တကယ်အဟုတ် စိတ်ပါပါနှင့် လေးစားမြတ်နိုးခြင်း။
ရှိခိုး
ရှိခိုးခြင်းမှာ ကိုယ်ဖြင့်ရှိခိုးခြင်း၊ နှုတ်ဖြင့်ရှိခိုးခြင်း၊
စိတ်ဖြင့်ရှိခိုးခြင်းဟူ၍ သုံးမျိုးရှိသည်။
ကိုယ်ဖြင့် ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၊ မိဘ ဘိုးဘွား၊
ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို အာရုံပြု၍ ထိခြင်းငါးပါး (ခြေ, လက်, နဖူး,
တံတောင်, ဒူး)ဖြင့် ရှိခိုးခြင်းကိုခေါ်သည်။
နှုတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၏ ဂုဏ်ပုဒ်များကို
နှုတ်ဖြင့်ထုတ်ဖော်၍ ရွတ်ဆိုခြင်းကို ခေါ်ပါသည်။
စိတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို
စိတ်ထဲမှ အဖန်တလဲလဲ အောက်မေ့ခြင်းကို ခေါ်ပါသည်။
ပူဇော်
ပစ္စည်းဖြင့် ပူဇော်ခြင်း၊ တရားဖြင့် ပူဇော်ခြင်း နှစ်မျိုးရှိသည်။
ဖူးမြော်
ပကတိမျက်စိဖြင့် ဖူးမြော်ခြင်း၊ အသိဉာဏ်မျက်စိဖြင့် ဖူးမြော်ခြင်း။
မာန်လျှော့
မိမိသန္တာန်ရှိသော မာန်မာနတရားများကို လျှော့ချဖယ်ရှားခြင်း
(ရတနာသုံးပါးကို မြင့်မြတ်ရာ၌ထားခြင်း)ကို မာန်လျှော့သည်ဟု ခေါ်ပါသည်။
မာန်လျှော့ခြင်းကို နိဝါတမင်္ဂလာဟု မှတ်ပါ။
ကန်တော့
အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု ၀န်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟုခေါ်သည်။
အပြစ်ရှိ၍ကန်တော့ခြင်း၊ ကုသိုလ်ရလို၍ ကန်တော့ခြင်းဟု နှစ်မျိုးရှိသည်။
(ကန်တော့ ဆိုသည်မှာ အကုသိုလ်ကို ကန်, ကျောက်၍ ကုသိုလ်ကို တော့,
ယူခြင်းကို ဆိုလိုသည်)
အပါယ်
ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသောအရပ်ကို အပါယ်ဟု ခေါ်သည်။
(အပါယ = အပ + အယ၊ အယ = ချမ်းသာ + အပ = ကင်းခြင်း)
အပါယ်လေးပါးရှိသည်။ ၎င်းင်းတို့မှာ -